အေးချမ်းသာယာသော တော်ကော့ရွာ ကလေးသည် ရှမ်းပြည်နယ်အရှေ့ပိုင်း တွင်တည်ရှိပြီး၊ ရှေးအစဥ် အဆက်ဖြစ်သော ၁၉၂၂-ခုနှစ်ကတည်းက အာခါ၊ လားဟူ၊ ရှမ်း၊ ကယား နှင့် ကရင်မိသားစု များသည် ရေခံ မြေခံကောင်းမွန်၍ ရိုးရာအစဥ်အလာမပျက်ထွန်ယက်လုပ်ကိုင်စားသောက်ရန် ကောင်း သည့် မြေ ပေါ်တွင် အေးအတူပူအမျှ အတူယှဥ်တွဲနေထိုင်လာခဲ့ကြပါသည်၊ ၄င်းမြေသည် ကျေးရွာရှိ မိသားစုများ၏အသက်သွေးကြောသဖွယ်ဖြစ်ပြီး၊ယဥ်ကျေးမှုအမွှေ အနှစ်များကို ထိန်းသိမ်းစောင့် ရှောက်နိုင်စေပြီးအနာဂတ်မျှော်မှန်းချက်တစ်ခုအဖြစ်ချိတ်ဆက်ပေးနေခဲ့ပါသည်။
သို့သော် ၂၀၁၇-ခုနှစ်တွင် အများကလေးစားခြင်းခံရသော ဘုန်းတော်ကြီးတစ်ပါးသည် ၄င်း တော်ကော့ရွာပိုင်မြေအား ဘာသာရေးမြေအဖြစ်ကြေညာကာ သတ္တုတူးဖော်ခြင်းလုပ်ငန်းများ ဆောင် ရွက်ခွင့်ပြုသည့်အချိန်မှစ၍ အရာအားလုံး တို့သည်ပြောင်းလဲသွားခဲ့ရပါသည်။
သတ္တုကုမ္ပဏီများ၏ခြိမ်းခြောက်မှုဖြစ်ပေါ်လာခြင်း၊
သတ္တုကုမ္ပဏီများသည် ကျေးရွာလူထု၏ နေ့စဥ် လိုအပ်နေသည့်သောက်သုံးရေအရင်းအမြစ် များ အဖြစ်မှီခိုနေ ရသော ရေဦး ရေညှာအရပ်တွင် လာရောက်အခြေချလုပ်ကိုင်လာကြပါသည်၊ သို့ဖြစ်၍ ရွာသူ ရွာသားများသည် မိမိတို့ မြေယာများပေါ်တွင် ထွန်ယက်စိုက်ပျိုးခြင်းနှင့် မိမိတို့ အသက်မွေး၀မ်း ကြောင်း အတွက် ရေရှည်ရပ်တည်နိိင်ရန်မှာ ပိုမိုခက်ခဲလာလျက်ရှိပါသည်။
သယံဇာတတူးဖော်မှုကြောင့် လယ်ယာမြေများပျက်စီးနိုင်ခြင်း၊ ဒေသတွင်းရှိ ရေအရင်းအမြစ် များညစ်ညမ်းမှုဖြစ်ပေါ်လာခြင်း၊ ရေလျော့နည်းခမ်းခြောက်လာစေခြင်း၊ အဆိပ်အတောက်ပါ၀င်သော မသန့်ရှင်းသည့် ပစ္စည်းများကြောင့် သဘာ၀ပတ်၀န်းကျင် ညစ်ညမ်းနိုင်ခြင်းအပေါ် စိုးရိမ်မှုများပိုမို မြင့်တက်လာပါသည်၊ ၄င်းအကျိုးဆက်များကြောင့် ကျွဲနွားစားကျက်မြေနေရာများ ပျောက်ကွယ်ပျက်စီး နိုင်ပြီး ရေကောင်းရေသန့်ရရှိနိုင်မှု လက်လှမ်းမမီနိုင်ခြင်း၊ လူထုသည် အစာအဟာရမလုံလောက်နိုင်ခြင်း နှင့်အစားအစာ လုံခြုံစိတ်ချရမှုမရှိခြင်း၊ ကျန်းမာရေးနှင့်မညီညွတ်ခြင်းစသည့်ဆိုးကျိုးများကို သက်ရောက်စေပါသည်။
ကျေးရွာလူထု၏ ညီညွတ်မှုအားဖြင့် ပြန်လည်တုံ့ပြန်တိုက်ပွဲ၀င်ခြင်း၊
ဤကဲ့သို့သော ခြိမ်းခြောက်မှုများကြောင့်၊ လူထုသည် မိမိတို့မြေယာကို ပြန်လည်ပေးအပ်ရန် အတွက် ညှိနှိုင်းဆွေးနွေးတောင်းဆိုဖို့ ဆုံးဖြတ်ခဲ့ကြပါသည်၊ ဘုန်းတော်ကြီးသည် ရွာသားများအား ၄င်းတွင်တရား၀င်အထောက်အထားရှိသည်ဟုပြောပြီး မြေယာ ပုံစံ တစ်စောင်ကို ပြသခဲ့ပါသည်၊ ကာလ အတန်ကြာသည်ထိ မည်သူတစ်ဦးတစ်ယောက်မျှ ယင်းအကြောင်းအရာကို မမေးမြန်းရဲခဲ့ကြဘဲ၊ သတ္တု ကုမ္ပဏီများသည် ထုတ်လုပ်ရေးလုပ်ငန်းများဆက်လက်လုပ်ဆောင်နေကြပါသည်၊
၂၀၁၉-ခုနှစ်တွင် သံလွင်သစ္စာ အဖွဲ့မှ ပါရာလီဂယ်တစ်ဦးဖြစ်သူ ရေဘက်ကာ ရောက်ရှိလာပြီး မျှော်လင့်ချက်တစ်စုံတစ်ရာဖြစ်ပေါ်လာခဲ့ပါသည်၊ သူမသည် စာရွက်စာတမ်းများကို ပြန်လည်စစ်ဆေး ကြည့်သောအခါ တရား၀င်မြေယာလုပ်ပိုင်ခွင့်လက်မှတ်မဟုတ်ပဲ ရိုးရိုးစီမံကိန်းအဆိုပြုလွှာတစ်စောင် ဖြစ်နေသည်ကို တွေ့ရှိခဲ့ပါသည်၊ ထိုအချိန်မှစပြီးကျေးရွာသားများသည် သူတို့ အလှည့်စားခံရသည် ကို နားလည်သိမြင်သွားကြပြီး အရာရာ ပြောင်းလဲသွားခဲ့ပါသည်။


ရွာသားများသည် အဖွဲ့၀င် (၉)ဦးပါ၀င်သော မြေယာနှင့်သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရေး ကော်မတီတစ်ရပ်အားစည်းရုံးဖွဲ့စည်းရန်ဆုံးဖြတ်လိုက်ကြပါသည်၊ ထိုကော်မတီတွင် မတူညီကြသော လူမျိုးစုများထဲမှ ကိုယ်စားပြုအမျိုးသမီးအဖွဲ့၀င် (၂ ) ဦးပါ၀င်ကြပြီး၊ အာခါအမျိုးသမီးအဖွဲ့၀င် တစ်ဦးမှ ပြောသည်မှာ “ ငါတို့တွေ ဒီကော်မတီထဲမှာ အရေးပါတဲ့သူတွေဖြစ်လာတေ့ာမှာမို့ ငါတို့အတွေးအမြင် တွေ ကို မျှ၀ေပေးနိုင်တော့မယ်” ဟု ပြောခဲ့ပါသည်၊ ကော်မတီသည် စိုက်ပျိုးမြေမပါ မြေဧက (၄၀) ကို နယ်နိမိတ် အဖြစ် အမြန်ဆုံးသတ်မှတ်ပေးခဲ့နိုင်ပါသည်။
လူထုအတွက် အောင်ပွဲတစ်ရပ်
လူထုသည် ရေဘက်ကာ၏ အကူအညီဖြင့် ဘုန်းတော်ကြီး၏ဂေါပကကော်မတီတို့နှင့်ညှိနှိုင်း ဆွေး နွေးခဲ့ကြပါသည်၊ ထိုသို့ညှိနှိုင်းဆွေးနွေးမှုမအောင်သဖြင့် လူထုသည် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ထံသို့ ဆက်လက်သွားကြပြီး တိုက်ပွဲ၀င်ကြပါသည်။ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် ဤအဖွဲ့ နှစ် ဖွဲ့အကြား ခေါ်ယူကာ စေ့စပ်ညှိနှိုင်းဆွေးနွေးခဲ့ရာ နောက်ဆုံးတွင် လူထုသည် မိမိတို့မြေကို ပြန်လည်ရရှိ သွားခဲ့ပါသည်၊ ထိုသို့ပြန်လည်ရရှိသည့် မြေနေရာသည် ၄င်းတို့ကျေးရွာမှ (၁၀) မိုင်ခန့် ၀ေးကွာသော တောင်ခြေတွင်တည်ရှိပြီး မြေလွတ်မြေလပ်မြေရိုင်းအမျိုးအစား (၉၅) ဧကကျယ်၀န်း ပါသည်၊ ထိုနေရာ သို့သွားရာလမ်းသည် လမ်းကောင်းကောင်းမရှိသဖြင့် ခြေလျင်ခရီးဖြင့် တောင်တက် ပြီး သွားလာရပါသည်။



ရေရှည်တည်တံ့ခိုင်မြဲမှုအတွက်ခြေလှမ်းတလှမ်း
ထိုသို့အောင်မြင်မှုရရှိပြီးနောက် ပါရာလီဂယ်နင့် ကျေးရွာလူထုတို့သည် ဒေသခံပြည်သူအစု အဖွဲ့ ပိုင်သစ်တောအဖြစ် အသိအမှတ်ပြုမှုရန် သက်ဆိုင်ရာသို့လျှောက်ထားခဲ့ကြပါသည်၊ သို့ရာတွင် လျှောက် ထားမှုသည် စစ်အာဏာသိမ်းမှုကြောင့်နှောင့်နှေးကြံ့ကြာနေပြီး ယနေ့ထိအတည်ပြုမှုမရရှိသေးပါ၊
ရေဘက်ကာသည် ယခုအခါ ကျေးရွာ၏အကြီးအကဲများ၊ တရားမျှတမှုကို လိုချင်သူများ၊ တက်ကြွ သော အမျိုးသမီးခေါင်းဆောင်များနှင့်အနီးကပ်ပူးပေါင်းပြီး၊ ရပ်ရွာလူထုမှ မိမိတို့မြေကို ကာကွယ် စောင့်ရှောက်သည့်နည်းလမ်းဖြင့်ချဥ်းကပ်ပြီး တက်ကြွစွာလုုပ်ရှားနေကြပါသည်၊ လူထုသည် မိမိတို့ မြေ များကိုကာကွယ်ရန် ကော်မတီဖွဲ့ခြင်း၊ မြေယာနှင့်ပတ်သက်သည့် ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ စည်းမျဥ်း စည်းကမ်းများဖော်ထုတ်ဆွေးနွေးထားခြင်း၊ မိမိတို့ကျေးရွာပိုင်မြေဧရိယာကို မြေပုံရေးဆွဲ ထားရှိခြင်း စသဖြင့်ဆောင်ရွက်ထားကြပါသည်။
ဥပဒေအထောက်အကူပေးခြင်း၏စွမ်းဆောင်မှု
ဤဖြစ်စဥ်တွင်ပါရာလီဂယ်၏ ဥပဒေအထောက်အကူပြုဆောင်ရွက်ပေးနိုင်ခဲ့ခြင်း၊ လူထု၏ စည်းလုံး ညီညွတ်မှုရှိခဲ့ခြင်း၊ လူထုတစ်ရပ်လုံးတက်ကြွစွာပူးပေါင်းပါ၀င်ခဲ့ခြင်းတို့ကြောင့် တရားမျှတမှု ကို ရရှိနိုင် ခဲ့ခြင်းဖြစ်ပါသည်၊ တရားမျှတမှုဆိုသည်မှာ တရားရုံးများမှ ပေးအပ် ချီးမြှင့်ထားသော အရာမဟုတ်ပါ၊ တော်ကော့ကျေးရွာလူထုအတွက် မိမိတို့၏ အသိပညာ၊ စည်းလုံးညီညွတ်မှုနှင့် သတ္တိရှိရှိ ကိုယ်တိုင် ကိုယ်ကျ ကြိုးပမ်းတောင်းဆို၍ ရရှိခဲ့ခြင်းဖြစ်ပါသည်။
သံလွင်သစ္စာအဖွဲ့၏ဖော်ပြချက်အကျဥ်း၊
သံလွင်သစ္စာအဖွဲ့ သည် ဤကျေးရွာများရှိ လူထုအခြေပြု ပါရာလီဂယ်များကို သင်တန်းပေးခဲ့ပြီး ၎င်းတို့၏ ရည်မှန်းချက်များကို ပြည့်မီအောင်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်နှင့် မိမိတို့လူထုအ ဖွဲ့များအနေဖြင့်၊ ဥပဒေကို သိရှိရန်၊ အသုံးပြုရန်နှင့် ဥပဒေဖော်ဆောင်မှုကို ပုံဖော်နိုင်ရန် စွမ်းဆောင် ပေး နိုင်ခဲ့သည်။ ထို့အပြင် လူထု၏ စည်းလုံးညီညွတ်မှုနှင့် တရားမျှတမှုကို ကာကွယ်သူများ၏ မှတ်မှတ်ရရ ဖြစ်သည့် ကြိုးပမ်းအားထုတ်မှုများသည် ထင်ရှားပြီး အတုယူစရာကောင်းသော အောင်မြင်မှုတစ်ခုအဖြစ် ရပ်တည်နေသည်။ ဤအရာသည် ဥပဒေစွမ်းဆောင်ရည်မြှင့်တင်ခြင်း၏ တည်တံ့သော ခြေရာတစ်ခု ဖြစ်ပါသည်။


![[BUR] တိတ်ဆိတ်နေသံများကို ချိုးဖျက်ခြင်း – သဘာဝဘေးသင့် လူထုရဲ့ မမြင်နိုင်တဲ့ ဒဏ်ရာတွေကို ကုစားပေးခြင်း](https://alternativelawgroups.ph/wp-content/uploads/2025/12/Braveheart-Photo-400x250.jpg)
![[TH] จากผู้หนีภัยการสู้รบสู่ผู้พิทักษ์สิทธิ: เมื่ออาสาสมัครกฎหมายชุมชนกลายเป็นกระบอกเสียงแห่งความยุติธรรมในพื้นที่พักพิงชั่วคราว](https://alternativelawgroups.ph/wp-content/uploads/2025/12/Image-9-400x250.jpg)