အရေးပေါ် ကယ်ဆယ်ရေးကို ကျော်လွန်၍
၂၀၂၅ ခုနှစ် အစောပိုင်းကာလများမှာ မြန်မာနိုင်ငံဟာ အခက်အခဲများစွာနဲ့ ရင်ဆိုင်ခဲ့ရကာ မြေနိမ့်ပိုင်းဒေသတွေမှာ ရေကြီးရေလျှံမှုတွေ အကြီးအကျယ်ဖြစ်ပေါ်ခဲ့သလို၊ ကျေးလက်ဒေသ အများအပြားမှာလည်း အင်အားအလွန် ပြင်းထန်တဲ့ ငလျင်ဒဏ်ကို ခံစားခဲ့ရပါတယ်။ နေအိမ်တွေပျက်စီးမှုနဲ့အတူ စီးပွားရေးတွေ ထိခိုက်ပြီး ဒုက္ခရောက်နေတဲ့အချိန်မှာ လူသားချင်းစာနာထောက်ထားတဲ့ အဖွဲ့အစည်းတွေက အကူအညီပေးဖို့ အပြေးအလွှား ရောက်ရှိလာခဲ့ကြပါတယ်။
အဲဒီအဖွဲ့တွေထဲမှာ Braveheart Foundation လည်း ပါဝင်ပါတယ်။ Braveheart အဖွဲ့ဟာ မြန်မာနိုင်ငံတစ်ဝန်းက ထိခိုက်လွယ်တဲ့ လူအဖွဲ့အစည်းတွေအတွက် ဥပဒေအရအကာကွယ်ရရှိဖို့နဲ့ သူတို့ကို စွမ်းဆောင်ရည်မြှင့်တင်ပေးဖို့ အလေးထားဆောင်ရွက်နေတဲ့ အဖွဲ့ဖြစ်ပါတယ်။ Braveheart ရဲ့ ကူညီမှုက ပစ္စည်းဝေငှရုံ သက်သက် မဟုတ်ခဲ့ပါဘူး။ ဒီလိုအရေးပေါ် အခြေအနေမျိုးမှာ အနိုင်ကျင့်ခံရတာ၊ ခေါင်းပုံဖြတ်ခံရတာတွေ ပိုဖြစ်နိုင်တယ်ဆိုတာကို သိထားတဲ့အတွက် “လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်ခြင်းနှင့် မဖွယ်မရာပြုခြင်းမှ ကာကွယ်ခြင်း (PSEA)” နဲ့ ပတ်သက်တဲ့ ဥပဒေဗဟုသုတတွေကိုပါ ထည့်သွင်းပေးခဲ့ပါတယ်။ ရည်ရွယ်ချက်ကတော့ လိုအပ်နေသူတွေဆီကို အကူအညီတွေ ဘေးကင်းလုံခြုံစွာ ရောက်ရှိဖို့နဲ့ မမြင်နိုင်တဲ့ အန္တရာယ်တွေကနေ ကိုယ့်ကိုယ်ကို ဘယ်လိုကာကွယ်ရမလဲဆိုတာ ပြည်သူတွေကို အသိပညာပေးဖို့ပဲ ဖြစ်ပါတယ်။
ကာကွယ်ခြင်းမှသည် ပူးပေါင်းပါဝင်လာခြင်းဆီသို့မျှော်လင့်ချက်အလင်းရောင်
အကူအညီပေးတဲ့နေရာမှာ အနိုင်ကျင့်စော်ကားမှုတွေ ကင်းရှင်းစေဖို့ Braveheart အဖွဲ့တွေဟာ မြန်မာနိုင်ငံအလယ်ပိုင်းဒေသ၊ ရှမ်းပြည်နယ် အရှေ့ပိုင်းနဲ့ သဘာဝဘေးသင့် ဒေသအနှံ့အပြားက မြို့နယ်ပေါင်းများစွာကို သွားရောက်ခဲ့ပါတယ်။ ရေဘေးနဲ့ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုတွေ ကျန်ရှိနေသေးတဲ့ နေရာတွေပါပဲ။
ပစ္စည်းတွေ သွားလှူတိုင်း ပညာပေး ဟောပြောဆွေးနွေးမှုတွေပါ တပါတည်း လုပ်ဆောင်ခဲ့ပါတယ်။ ပျင်းစရာကောင်းတဲ့ ဥပဒေ စာကြီးပေကြီးတွေ ရွတ်ပြနေတာမျိုးထက် အဲဒီအစား အတွေ့အကြုံရင့် စီနီယာ ဥပဒေအထောက်အကူပြုသူမှ ဦးဆောင်ပြီး ရောင်စုံသရုပ်ဖော် ရုပ်ပုံကားချပ်တွေ (flip chart)၊ ဒေသသုံးဘာသာစကားတွေနဲ့ လယ်သမားကစလို့ ဈေးသည်အဆုံး ဘယ်သူမဆို နားလည်လွယ်အောင် ရှင်းပြပေးပါတယ်။ ရှင်းလင်းပြောကြားတဲ့နေရာမှာ လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်ခြင်းနဲ့ မဖွယ်မရာပြုခြင်းဆိုတာ ဘာလဲ၊ မလျော်ကန်တဲ့ အပြုအမူတွေကို ဘယ်လိုသတိထားမလဲ၊ ကိုယ့်ကိုယ်ကို ဘယ်လိုကာကွယ်ပြီး ဘယ်လိုတိုင်ကြားရမလဲဆိုတာတွေကို ရှင်းရှင်းလင်းလင်း နားလည်အောင်ပြောပြပေးပါတယ်။
အခက်အခဲတွေများတဲ့ ရပ်ရွာလူထုနေထိုင်ရာ နေရာများဆီကို ရောက်အောင် သွားရောက်ခဲ့တဲ့အတွက် စိန်ခေါ်မှုတွေများပေမယ့် အကျိုးရလာဒ်များစွာရရှိခဲ့ပါတယ်။ ယာယီတဲတွေနဲ့ ဘုန်းကြီးကျောင်းဝင်းတွေ၊ ဘောလုံးကွင်းတွေစတဲ့ လူတွေစုဝေးခိုလှုံနေရတဲ့ နေရာတွေမှာ ဟောပြောပွဲတွေ လုပ်ခဲ့ပါတယ်။ အစပိုင်းမှာတော့ လူတွေက တိတ်ဆိတ်နေကြကာ နေ့မြင်ညပျောက်ဆိုသလို အိုးအိမ်မဲ့သွားတဲ့ဒဏ်နဲ့ အနာဂတ်မရေရာမှုတွေကြောင့် စိတ်ဒဏ်ရာ ရနေကြတုန်းဆိုတာ မျက်နှာတွေအမူရာတွေက အထင်းသားဖော်ပြနေပါတယ်။ သဘာဝဘေးအန္တရာယ်ဆိုတဲ့ “ပထမမီး” ကို ခံထားရလို့ အသက်ရှင်ဖို့ကလွဲရင် ဘာမျှော်လင့်ချက်မှ မရှိသလို အားကိုးရာမဲ့နေကြပါတယ်။ ဒါကြောင့် ဟောပြောဆွေးနွေးတဲ့အခါမှာ စိတ်ဒဏ်ရာကုစားပေးတဲ့ ဆွေးနွေးပြောကြားခြင်းနည်းလမ်းများနဲ့ စတင်ခဲ့ပြီး အကူညီပေးရေးလုပ်ငန်းများနဲ့ ပတ်သက်တဲ့ နောက်ဆက်တွဲ PSEA အကြောင်းကို သေချာရှင်းပြလိုက်တဲ့အခါမှာတော့ အခြေအနေတွေ ပြောင်းလဲလာပါတယ်။ သေချာရှင်းပြပြီး အားပေးစကားပြောလိုက်တဲ့အခါ သူတို့မျက်လုံးတွေထဲမှာ နားလည်လာမှုနဲ့ စိတ်ဝင်စားမှု အရိပ်အယောင်တွေ လင်းလက်လာခဲ့ပါတယ်။
“ဒါမျိုးက တကယ်ပဲ တိုင်လို့ရလား”
“ငါတို့ကြုံရရင် ဘာလုပ်လို့ရမလဲ”
“ဒါက တကယ်ရော ပြစ်မှုမြောက်လား”
ဆိုတဲ့ မေးခွန်းတွေ မေးလာကြပါတော့တယ်။ စိတ်ပျက်အားငယ်နေရာကနေ အခုလို စိတ်ဝင်တစား မေးမြန်းလာတာက ပညာပေးလုပ်ငန်း အောင်မြင်တယ်ဆိုတဲ့ ပြယုဂ်ပါပဲ။

မမြင်ရတဲ့ ပြဿနာတွေကို ဖော်ထုတ်ခြင်းနှင့် ယုံကြည်မှု တည်ဆောက်ခြင်း
မြန်မာနိုင်ငံက ထိခိုက်လွယ်တဲ့ ပြည်သူတွေ ကြုံနေရတဲ့ အခြေအနေက အတော့်ကို ဆိုးရွား ပြင်းထန်ပါတယ်။ ၂၀၂၅ ဇွန်လ ကုလသမဂ္ဂ အစီရင်ခံစာအရ အမျိုးသမီးငယ်တွေနဲ့ စစ်ဘေးရှောင်/ရေဘေးရှောင်တွေဟာ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ အန္တရာယ်တွေ ပိုကြုံနေရတယ်လို့ ဆိုပါတယ်။ ၂၀၁၅-၁၆ စစ်တမ်းတွေအရဆိုရင်လည်း အကြမ်းဖက်ခံရတဲ့ အမျိုးသမီး ၃၇ ရာခိုင်နှုန်းလောက်က ဘယ်သူ့ကိုမှ အကူအညီမတောင်းဘဲ နေခဲ့ကြတယ်လို့ သိရပါတယ်။ ဒုက္ခသည်စခန်းတွေနဲ့ ဝေးလံတဲ့ ရွာတွေမှာဆိုရင် ကြောက်တာ၊ ရှက်တာနဲ့ တိုင်ရကောင်းမှန်းမသိတာတွေကြောင့် ဒီလိုကိစ္စတွေကို နှုတ်ပိတ်နေလေ့ရှိပါတယ်။ Braveheart အဖွဲ့က ဒါတွေကို စိတ်ရှည်လက်ရှည် ရှင်းပြပြီး ဒီနှုတ်ဆိတ်နေမှုတွေကို စတင် ဖြိုခွင်းနိုင်ခဲ့ပါတယ်။ လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်ခြင်းနဲ့ မဖွယ်မရာပြုခြင်းက ဖြစ်သင့်တဲ့ကိစ္စမဟုတ်ဘူးဆိုတာကို သိလာခဲ့ကြပါတယ်။
ကာကွယ်လို့ရတယ်၊ တိုင်ကြားလို့ရတယ်
ဆိုတာ သိလာအောင် လုပ်ပေးနိုင်ခဲ့ပါတယ်။ အရင်က “ပုံမှန်ပဲလေ” လို့ ထင်ထားတဲ့ ကိစ္စတွေက တကယ်တော့ ကိုယ့်အခွင့်အရေး ချိုးဖောက်ခံရတာပါလားဆိုတာ လူထုက နားလည်လာကြပါတယ်။ Braveheart ဝန်ထမ်းတွေ ဒါမှမဟုတ် မိတ်ဖက်အဖွဲ့တွေဆီကနေ အကူအညီ ရနိုင်တယ်ဆိုတာကိုလည်း သိရှိသွားကြပါတယ်။
တိတ်ဆိတ်နေမှု မှ လှုပ်ရှားမှုသို့
စာနာ နားလည်မှုရှိရှိ ပြောဆိုတာတွေ၊ လွယ်ကူတဲ့ သရုပ်ဖော်ပုံတွေနဲ့ ရှင်းပြတာတွေကြောင့် လူထုက သူတို့မှာ ရွေးချယ်ခွင့်ရှိတယ်ဆိုတာ သိလာကြတယ်။ အရင်ကတော့ အနိုင်ကျင့်ခံရရင် ကြိတ်မှိတ်သည်းခံမယ်၊ ဒါမှမဟုတ် ကျူးလွန်သူကို ရွာဓလေ့အရ ဝိုင်းပယ်တာလောက်ပဲ လုပ်နိုင်ခဲ့ကြတာပါ။ တရားဥပဒေဆိုတာက သူတို့နဲ့ ဝေးကွာလွန်းပြီး လက်လှမ်းမမီနိုင်ဘူးလို့ ထင်ခဲ့ကြတယ်။ အခုတော့ Braveheart က တံတားထိုးပေးလိုက်နိုင်ပါပြီ။ တိုင်ကြားချင်ရင် ဘယ်လိုလုပ်ရမလဲဆိုတာ အဆင့်ဆင့် ရှင်းပြပေးသလို၊ လျှို့ဝှက်ပေးမယ့်အကြောင်းလည်း အာမခံပေးခဲ့သလို ရှင်းလည်းနားလည်အောင်လည်း ပြောပြပေးနိုင်ခဲ့ပါတယ်။ လိုအပ်ရင် စိတ်ပိုင်းဆိုင်ရာ အားပေးကူညီမှုတွေနဲ့ ဥပဒေအကူအညီတွေ ချိတ်ဆက်ပေးမယ်လို့လည်း ပြောပြခဲ့ပါတယ်။ ရက်သတ္တပတ် အနည်းငယ်အကြာမှာတော့ တိုးတိုးတိတ်တိတ် မေးမြန်းတာတွေကနေ အရင်လို တိတ်ဆိတ်မနေဘဲ တကယ့်တိုင်ကြားမှုတွေကို လုပ်ဆောင်လာခဲ့ကြတယ်လို့ သိရှိရပါတယ်။ ရေဘေးနဲ့ အပျက်အစီးတွေကြားထဲမှာ စိုက်ပျိုးခဲ့တဲ့ ဥပဒေအသိပညာ မျိုးစေ့လေးတွေ အောင်မြင်စွာ အမြစ်တွယ်လာပြီဆိုတာ ပြသနေပါတယ်။

မျှော်လင့်ချက်ရောင်ခြည်
ဥပဒေအသိပညာဆိုတာ တရားခွင်တွေ၊ ရှုပ်ထွေးတဲ့ လုပ်ထုံးလုပ်နည်းတွေထဲမှာမှ ရှိတာမဟုတ်ပါဘူး။ ရွာထိပ်က သစ်ပင်အောက်၊ ဖုန်ထူတဲ့ လမ်းမပေါ်နဲ့ ယာယီခုံလှုံရေးတဲတွေထဲမှာလည်း စတင်နိုင်ပါတယ်။ Braveheart ရဲ့ PSEA အသိပညာပေးမှုဟာ အကူအညီပေးချိန်မှာ လိင်အမြတ်ထုတ်ခြင်းမခံရအောင် ကာကွယ်ပေးရုံတင်မကဘဲ လူထုကို သူတို့ရဲ့ ရသင့်ရထိုင်တဲ့အခွင့်အရေးတွေကို နားလည်စေပြီး၊ ပြောင်းလဲလို့ မရဘူးလို့ ထင်ထားတဲ့ အမှားတွေကို ရဲရဲဝံ့ဝံ့ ဆန့်ကျင်ရဲတဲ့ သတ္တိတွေ မွေးဖွားပေးခဲ့ပါတယ်။ မျိုးရိုးစဉ်ဆက် အားငယ်တိတ်ဆိတ်လာခဲ့တဲ့ ရွာသူရွာသားတွေအတွက် သူတို့မှာလည်း အကာအကွယ်ရရှိနိုင်ခွင့်ရှိတယ်ဆိုတာ သိလိုက်ရတဲ့အချိန်မှာ အရာအားလုံး ပြောင်းလဲသွားပါတယ်။ Braveheart ရဲ့ ကြိုးပမ်းမှုကြောင့် ရရှိလာတဲ့ ဒီအလင်းရောင်ဟာ မြို့နယ် ၁၀ ခုကျော်၊ အိမ်ထောင်စုပေါင်း ၄၆၀၀ ကျော်ဆီကို ရောက်ရှိခဲ့ပြီး ပိုမိုတရားမျှတပြီး လုံခြုံတဲ့ အနာဂတ်တစ်ခုအတွက် အုတ်မြစ်ချပေးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။
Braveheart ဖောင်ဒေးရှင်းအကြောင်း
Braveheart ဖောင်ဒေးရှင်းဟာ မြန်မာနိုင်ငံတွင် တရားမျှတမှုကို လက်လှမ်းမီရရှိရေး၊ တိုင်းရင်းသားအခွင့်အရေးများကို ကာကွယ်ရေးနဲ့ ဥပဒေဆိုင်ရာစွမ်းရည် မြှင့်တင်ရေးလုပ်ငန်းတွေကို အကူညီပေး လုပ်ဆောင်ရန် ရည်ရွယ်ဖွဲ့စည်းထားတဲ့ အမျိုးသားအဆင့် အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ အဖွဲ့အစည်းအနေနဲ့ နိုင်ငံတစ်ဝန်းရှိ မတူကွဲပြားတဲ့ ရပ်ရွာလူထုတွေနဲ့ အတူပူးပေါင်း လက်တွဲလုပ်ဆောင်ပြီး ဥပဒေဆိုင်ရာ အသိပညာကို အားကောင်းလာစေရန်နှင့် အခွင့်အရေးအခြေပြု အကူညီတွေ ပေးနိုင်ဖို့ရန်အတွက် အကူညီပေးလုပ်ဆောင်လျက်ရှိပါတယ်။ Braveheart ဟာ မြန်မာ့ဥပဒေစွမ်းရည်မြှင့်တင်ရေးကွန်ရက် (M-LEN) လိုမျိုး တစ်နိုင်ငံလုံးဆိုင်ရာ ကြိုးပမ်းမှုတွေကနေတစ်ဆင့် နှစ်စဉ် လူထောင်ပေါင်းများစွာထံ ရောက်ရှိပြီး သူတို့ရဲ့ အခွင့်အရေးတွေကို ကာကွယ်စောင့်ရှောက်နိုင်ဖို့နဲ့ တရားမျှတပြီး အားလုံးပါဝင်နိုင်တဲ့ လူ့အဖွဲ့အစည်းတစ်ရပ်ကို ပုံဖော်နိုင်ဖို့ ကူညီပေးနေပါတယ်။


![[ENG] Breaking the Silence: Healing the Unseen Wounds of Disaster-Affected Communities](https://alternativelawgroups.ph/wp-content/uploads/2025/12/Braveheart-Photo-400x250.jpg)
![[TH] จากผู้หนีภัยการสู้รบสู่ผู้พิทักษ์สิทธิ: เมื่ออาสาสมัครกฎหมายชุมชนกลายเป็นกระบอกเสียงแห่งความยุติธรรมในพื้นที่พักพิงชั่วคราว](https://alternativelawgroups.ph/wp-content/uploads/2025/12/Image-9-400x250.jpg)