[BUR] “CBDR မှ တဆင့် မိသားစုပြန်လည်သင့်မြတ်ရေးဆီသို့”

မြန်မာတို့ရဲ့ သီတင်းကျွတ်မီးထွန်းပွဲတော်ဟာ မိသားစုတွေ ပြန်လည်ဆုံစည်းပြီး တစ်ယောက်နဲ့ တစ်ယောက် ခွင့်လွှတ်နားလည်မှုကို တောင်းခံကြတဲ့ အချိန်အခါသမယဖြစ်ပါတယ်။ ဒါပေမဲ့ လှိုင်သာယာမြို့နယ်က ဈေးသည်တစ်ယောက်ဖြစ်တဲ့ မဝင်းအတွက်တော့ ဒီလိုအချိန်အခါဟာ ပျော်ရွှင်စရာတွေနဲ့ မဟုတ်ဘဲ တိတ်ဆိတ် ခြောက်ကပ်ခြင်းတွေနဲ့ဘဲ ကြီးစိုးနေခဲ့ပါတယ်။

သူမဟာ ဖခင်ဖြစ်သူနဲ့ အကြီးအကျယ် သဘောထားကွဲလွဲခဲ့ပြီးနောက်မှာ အဆက်အသွယ် ပြတ်တောက်နေခဲ့တာဆိုရင် ကာလတခုထိ ကြာမြင့်နေပြီဖြစ်ပါတယ်။ တရားရုံးအမိန့်တွေ၊ ဥပဒေဆုံးဖြတ်ချက်တွေက ယခုလိုအခြေနေမျိုးမှာ အားကိုးလို့မရနိုင်ဘဲ ဖျောက်ဖျက်လို့မရတဲ့ မပြေလည်မှုတွေရဲ့ နှစ်ဦးကြားထဲက သဘောထားကွဲလွဲမှုဆိုတဲ့ ဝန်ကို သူမတစ်ယောက်တည်း ထမ်းထားခဲ့ရပါတယ်။ သူမလိုအပ်နေခဲ့တာက အပြစ်ပေးဆုံးဖြတ်မှု တစ်ခုမဟုတ်ဘဲ တစ်ယောက်နဲ့တစ်ယောက် ပြန်လည်စကားပြောဆိုနိုင်မယ့် လမ်းကြောင်းတစ်ခုသာ ဖြစ်ပါတယ်။

နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့ စီးပွားရေးအခက်အခဲများကြောင့် တရားဥပဒေစိုးမိုးရေး လက်လှမ်းမီဖို့ခဲယဥ်းတဲ့ အခြေ‌နေမျိုးမှာ မဝင်းတို့လို မိသားစုတွေအတွက် ထိရောက်တဲ့ ဖြေရှင်းနည်းလမ်းတွေက မရှိသလောက်ပါပဲ။  တရားရုံးမှာ အမှုအခင်းရင်ဆိုင်ရတာဟာ ကုန်ကျစရိတ်များခြင်းက လူတွေအတွက် ခြိမ်းခြောက်မှု တစ်ခုလိုဖြစ်နေပြီး အချိန်လည်း အရမ်းကြာမြင့်နိုင်ပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေအတွက်ဆိုရင် အခက်အခဲတွေက လက်တွေ့မှာ ပိုလို့တောင်များပါသေးတယ်။ လူ့အသိုင်းအဝိုင်းရဲ့ အထင်အမြင်သေးမှာကို စိုးရိမ်တာ၊ ကိုယ့်အခွင့်အရေး ကိုယ်မသိတာ၊ ဒေသအာဏာပိုင်များအပေါ်မှာ ယုံကြည်မှုမရှိတွေက အဓိက ပြဿနာတွေပဲ ဖြစ်ပါတယ်။ ဒီလိုအခြေအနေမှာ Braveheart Foundation ကပံ့ပိုးကူညီပေးနေတဲ့ ရပ်ရွာအခြေပြု အငြင်းပွားမှုဖြေရှင်းရေး (Community-Based Dispute Resolution – CBDR) ဟာ အားကိုးရာတစ်ခု ဖြစ်လာခဲ့ပါတယ်။

ရပ်ရွာထဲက တရားမျှတမှု

မဝင်းဟာ အကူအညီရဖို့အတွက် ရပ်ရွာရှေ့ဆောင် (Local Champion) တစ်ယောက်ဆီကို ချီတုံချတုံနဲ့ မဝံ့မရဲ ချဉ်းကပ်ခဲ့ချိန်မှာ သူ့အဖေကို ဥပဒေအရအပြစ်တခုခုပေးဖို့ဆိုတဲ့ ရည်ရွယ်ချက် တစိုးတစိမျှ မရှိခဲ့ပါဘူး။ အရှက်ရမှာ၊ ကြောက်ရွံ့ရမှာတွေကို မစိုးရိမ်ဘဲ သူ့စကားကို ဂရုတစိုက်နားထောင်ပေးပြီး သူမဖခင်နဲ့ ပြန်လည်စကားပြောဆိုနိုင်မယ့်နည်းလမ်းကို ရှာဖွေပေးမယ့်သူတစ်ယောက်ကိုသာ ရှာဖွေနေခဲ့တာပါ။ သူမသွားတွေ့ခဲ့တဲ့ ရပ်ရွာရှေ့ဆောင်ဟာ Braveheart Foundation ကနေ ကြားဝင်ညှိနှိုင်းမှု၊ ဥပဒေရေးရာအသိပညာပေးခြင်းနဲ့ ကရုဏာရှေ့ထားဆက်ဆံပြောဆိုခြင်းတွေကို သင်တန်းပေးထားတဲ့ လူသိများလေးစားခံရတဲ့ အိမ်နီးချင်းတစ်ယောက်၊ ရပ်ရွာခေါင်းဆောင်တစ်ဦးဖြစ်ပါတယ်။

ပထမဆုံးအနေနဲ့ ရပ်ရွာရှေ့ဆောင်ဟာ ဖခင်ရောသမီးဖြစ်သူပါ ဘာမှဖုံးကွယ်ထားစရာမလိုဘဲ ပွင့်ပွင့်လင်းလင်းပြောဆိုနိုင်မယ့် လုံခြုံတဲ့နေရာတစ်ခုကို ဖန်တီးပေးခဲ့ပါတယ်။ အစပိုင်းမှာတော့ မဝင်းရဲ့ဖခင်က သူ့မာနနဲ့ခံစားချက်တွေနဲ့ သူ့နာကျင်မှုတွေကြောင့် လက်မခံခဲ့ပါဘူး။ ဒါပေမဲ့ အပြစ်တင်စကားတွေအစား ကရုဏာတရားကိုရှေ့ထားပြီး လေးလေးစားစားနဲ့ အကြိမ်ကြိမ်စကားပြောဆိုအပြီးမှာတော့ တဖြည်းဖြည်း ကာလရှည်အေးခဲနေခဲ့တဲ့ အရာများဟာ တဖြည်းဖြည်း အရည်ပျော်စ ပြုလာခဲ့ပါတယ်။ တတိယအကြိမ်တွေ့ဆုံမှုမှာတော့ သူဟာ သမီးဖြစ်သူရဲ့စကားတွေကို နားထောင်ပေးဖို့ဆန္ဒရှိလာပြီး သူ့ရဲ့နောင်တတွေနဲ့ ဝမ်းနည်းမှု ခံစားချက်တွေအကြောင်းကို ဖွင့်ဟပြောဆိုလာခဲ့ပါတယ်။ အခုချိန်မှာ အလုံးစုံပြန်လည်သင့်မြတ်ဖို့ အချိန်ယူရဦးမှာဖြစ်ပေမဲ့ အရေးကြီးဆုံးခြေလှမ်းဖြစ်တဲ့ တိတ်ဆိတ်ခြင်းရဲ့ တံတိုင်းတွေကိုဖြိုချပြီး ပထမဆုံးအကြိမ် ပြန်လည်စကားပြောဆို နိုင်ခဲ့ကြပါပြီ။

CBDR ၏ အောင်မြင်မှုအကြောင်းရင်း

CBDR ရဲ့ထိရောက်အောင်မြင်မှုဟာ နာကျင်မှုကိုကုစားပေးတဲ့ တရားမျှတမှုချဉ်းကပ်ပုံ (restorative justice) မှာအခြေခံပါတယ်။ အပြစ်ပေးအရေးယူမှုကို အာရုံစိုက်မယ့်အစား အောက်ပါအချက်တွေကို ဦးစားပေးထားပါတယ်။

  • အပြစ်တင်ဆုံးဖြတ်ခြင်းထက် ကုစားခြင်းကိုဦးစားပေးခြင်း- တရားရုံးတွေက မကြာခဏလျစ်လျူရှုထားတတ်တဲ့ စိတ်ပိုင်းဆိုင်ရာနာကျင်မှုတွေကို မဝင်းတို့လိုမိသားစုတွေ ပြန်လည်ကုစားနိုင်ဖို့ အစပျိုးပေးနိုင်ခဲ့ပါတယ်။
  • လက်လှမ်းမီနိုင်မှုနှင့် ယုံကြည်မှုတည်ဆောက်နိုင်ခြင်း- ကြားဝင်ဆွေးနွေး ညှိနှိုင်းမှုများကို ရပ်ရွာထဲမှာပဲပြုလုပ်ပြီး ပါဝင်သူတွေကို အများကသိကျွမ်းလေးစားရတဲ့ သူတွေထဲကပဲ လမ်းညွှန်ဆောင်ရွက်ပေးပါတယ်။
  • ယဉ်ကျေးမှုဓလေ့ထုံးတမ်းနဲ့ကိုက်ညီခြင်း- ဒီဖြစ်စဉ်တွေဟာ ရပ်ရွာဒေသရဲ့ ဓလေ့ထုံးတမ်း၊ ဘာသာစကား၊ စံနှုန်းတွေနဲ့ကိုက်ညီမှုရှိတာကြောင့် လူအများအတွက် ကြောက်စရာမလိုတော့ဘဲ အားလုံးပါဝင်လာနိုင်စေပါတယ်။
  • သက်ဆိုင်သူတွေအားလုံးပါဝင်ပြီး ကိုယ်တိုင်ပုံဖော်ခွင့်ရခြင်း- အငြင်းပွားသူတွေဟာ ဥပဒေရဲ့ဆုံးဖြတ်ချက်ကို လက်ခံကြရမည့်သူများ မဟုတ်ပါဘူး။ သူတို့ကိုယ်တိုင် ဖြေရှင်းနည်းကို ပုံဖော်ခွင့်ရတာကြောင့် ရလာတဲ့ရလဒ်ဟာ မျှတပြီး ရေရှည်တည်တံ့တယ်လို့ ခံစားရစေပါတယ်။

ဒီချဉ်းကပ်မှုပုံစံပုံဟာ နေရပ်စွန့်ခွာရမှု၊ ဆင်းရဲမွဲတေမှုတွေနဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် မိသားစုနဲ့ရပ်ရွာအတွင်းမှာ အက်ကြောင်းတွေ ပိုမိုနက်ရှိုင်းလာတဲ့ မြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေမှာ အလွန်အရေးပါပါတယ်။ တရားဝင်ဥပဒေစနစ်တွေဟာ အခက်အခဲရှိတဲ့နေရာတွေအထိ လက်လှမ်းမမီနိုင်ပေမဲ့ CBDR ကတော့ လူတွေ နေထိုင်တဲ့နေရာမှာပဲ ရပ်ရွာရဲ့ယုံကြည်မှုကို အခြေတည်ပြီး လုပ်ဆောင်နိုင်ပါတယ်။

“CBDR ကြောင့် ကျွန်မတို့ ဘာကိုမှမကြောက်ဘဲ စကားပြောဆိုခွင့်ရခဲ့တယ်။ တကယ်လို့သာ တရားရုံးမှာအမှုရင်ဆိုင်ရမယ်ဆိုရင် ကျွန်မအဖေက ကျွန်မနဲ့အတူထိုင်ပြီး စကားပြောဖို့ ဘယ်တော့မှ သဘောတူမှာမဟုတ်ဘူး” လို့ မဝင်းကပြောပါတယ်။

အသိပညာဖြန့်ဝေခြင်းနဲ့ စုပေါင်းစွမ်းအား

မဝင်းရဲ့ ဇာတ်လမ်းလိုမျိုး အခြားအဖြစ်အပျက်ပေါင်းများစွာလည်း ရှိနေပါသေးတယ်။ ၂၀၂၄ ခုနှစ် ဇူလိုင်လနဲ့ ဒီဇင်ဘာလကြားမှာ Braveheart ရဲ့ လှိုင်သာယာမြို့နယ်က CBDR စီမံကိန်းဟာ မိသားစုပြဿနာ၊ အလုပ်သမားရေးရာ၊ အိမ်တွင်းအကြမ်းဖက်မှုနဲ့ မြေယာအငြင်းပွားမှုတွေအပါအဝင် အငြင်းပွားမှုပေါင်း ၁၃၆ ခုကို အောင်မြင်စွာ ဖြေရှင်းပေးနိုင်ခဲ့ပါတယ်။ အငြင်းပွားမှု တစ်ခုချင်းစီက တရားဝင်စနစ်တွေ မဖြေရှင်းနိုင်တဲ့ ကွာဟချက်တွေကို ရပ်ရွာအခြေပြု တရားမျှတမှုက ဘယ်လိုပေါင်းကူး ပေးနိုင်တယ်ဆိုတာကို သက်သေ ပြနေပါတယ်။

ဒီအကျိုးသက်ရောက်မှုဟာ မိသားစုတခု၊ လူတဦးတယောက်ချင်းတွေထက် အများကြီး ပိုကျယ်ပြန့်ပါတယ်။ လှိုင်သာယာမြို့နယ်မှာ ရပ်ရွာရှေ့ဆောင်တွေက လူပေါင်း ၁,၆၀၀ ကျော်ကို သူတို့ရဲ့အခွင့်အရေးတွေနဲ့ အငြင်းပွားမှုဖြေရှင်းရေး အကြောင်းအရာနဲ့ပတ်သက်ပြီး အသိပညာပေးဟောပြောပွဲတွေ ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ဆိုရင်လည်း Braveheart ဟာ မြန်မာ့ဥပဒေစွမ်းရည်မြှင့်တင်ရေးကွန်ရက် (Myanmar Legal Empowerment Network – M-LEN) ကနေတစ်ဆင့် လူပေါင်း ၃၀,၀၀၀ ကျော်ကို အွန်လိုင်းကနေ ဥပဒေအသိပညာတွေမျှဝေပေးနိုင်ခဲ့ပြီး အမှုပေါင်း ၅၆ ခုအတွက် အကြံဉာဏ်တွေပေးနိုင်ခဲ့ပါတယ်။

ဒီကြိုးပမ်းမှုတွေဟာ ဥပဒေဆိုင်ရာစွမ်းရည်မြှင့်တင်ခြင်းရဲ့ အနှစ်သာရကို ကိုယ်စားပြုပါတယ်။ လူတွေကို ဥပဒေဆိုင်ရာ အသိပညာတွေ တပ်ဆင်ပေးရုံသာမကဘဲ အဲဒါတွေကိုအသုံးပြုဖို့ ယုံကြည်မှုတွေပါ တည်ဆောက်ပေးခဲ့တာဖြစ်ပါတယ်။ ဥပဒေရဲ့စွမ်းအားနဲ့ လူထုရဲ့စွမ်းအားကိုပေါင်းစပ်ပြီး Braveheart ရဲ့ ရပ်ရွာရှေ့ဆောင်တွေဟာ တရားမျှတမှုကို မည်သို့ ရှာဖွေရယူတဲ့ပုံစံကို ပြောင်းလဲပုံဖော်နေပါတယ်။

ငြိမ်းချမ်းရေးဆီသို့ တံတားတစ်စင်း

မဝင်းအတွက်တော့ ဒီခရီးက မပြီးဆုံးသေးပါဘူး။ သူ့အဖေနဲ့ အမှန်တကယ်ပြန်လည်သင့်မြတ်ဖို့ဆိုတာ အချိန်၊ စိတ်ရှည်မှုနဲ့ သတ္တိတွေ အများကြီးလိုပါသေးတယ်။ ဒါပေမဲ့ သူတို့နှစ်ယောက် ပြန်လည်စကားပြော ဖြစ်ခဲ့တယ်ဆိုတဲ့ အချက်ကိုယ်တိုင်က CBDR ရဲ့ စွမ်းအားကို သက်သေပြနေပါတယ်။
တရားရုံးတစ်ခုက ငွေရေးကြေးရေး၊ အမွေဆက်ခံခွင့်တွေကို အဆုံးအဖြတ်ပေးနိုင်ပေမဲ့ မိသားစုရဲ့ ပျောက်ဆုံးသွားတဲ့ နွေးထွေးမှုကိုတော့ ပြန်လည် မဖန်တီးပေးနိုင်ပါဘူး။ CBDR ကတော့ ဥပဒေနဲ့ ဘဝခရီးလမ်း၊ အခွင့်အရေးနဲ့ ဆက်ဆံရေးကြားမှာ တံတားတစ်ခု ထိုးပေးနိုင်တဲ့ တမူထူးခြားတဲ့ အရာတစ်ခုကို ပေးစွမ်းနိုင်ပါတယ်။ ဒါဟာ ဖြစ်ရပ်တစ်ခုပြီးသွားတာနဲ့ ရပ်တန့်မသွားဘဲ မိသားစုတွေနဲ့ ရပ်ရွာတွေကြားက ဆက်ဆံရေးတွေကို ပြန်လည်ခိုင်မာစေတဲ့ တရားမျှတမှုဖြစ်ပါတယ်။

အနာဂတ်ဆီသို့ မျှော်ကြည့်ခြင်း

မြန်မာနိုင်ငံဟာ ပဋိပက္ခတွေ၊ မရေရာမှုတွေနဲ့ ရုန်းကန်နေရချိန်မှာ CBDR ဟာ အနာဂတ်အတွက် မျှော်လင့်ချက်ပေးနိုင်တဲ့ စံနမူနာတစ်ခုအဖြစ် တည်ရှိနေပါတယ်။ တရားမျှတမှုဆိုတာ တရားရုံးက တံဆိပ်တုံးထုပေးလိုက်တဲ့ စာရွက်စာတမ်းတွေပေါ်မှာပဲ တည်ရှိနေတာမဟုတ်ဘဲ နှစ်ပေါင်းများစွာ တိတ်ဆိတ်ခဲ့ပြီးနောက်မှာ အတူတကွ မျက်နှာချင်းဆိုင်ထိုင်ပြီး စကားပြောဆိုခြင်းဖြင့် အမုန်းပွားမှုများကို ဆွေးနွေးပြောဆို ဖွင့်ဟနိုင်ခြင်းပင် ဖြစ်ပါတယ်။ ဒါဟာ မယုံကြည်မှုတွေ ကြီးစိုးခဲ့တဲ့နေရာမှာ ယုံကြည်မှုကို ပြန်လည်တည်ဆောက်ခြင်း၊ ဒေါသတွေကြောင့် တိတ်ဆိတ်ခဲ့ရတဲ့ အသံတွေနေရာမှာ တွေ့ဆုံဆွေးနွေးမှုကို ပြန်လည် ပျိုးထောင်ပေးခြင်းဖြစ်ပါတယ်။ 

ရပ်ရွာလူထုကို အသိပညာတွေနဲ့ စွမ်းရည်မြှင့်တင်ပေးပြီး ကရုဏာတရားနဲ့ လမ်းညွှန်ပေးတဲ့အခါ တရားမျှတမှုဟာ အလှမ်းဝေးတဲ့ စံတစ်ခုမဟုတ်တော့ဘဲ နေ့စဉ်ဘဝမှာ လက်တွေ့ ကျင့်သုံးနိုင်တဲ့ အရာတစ်ခုဖြစ်လာပါလိမ့်မယ်။

မဝင်းရဲ့ဇာတ်လမ်းဟာ ရာပေါင်းများစွာသော ဇာတ်လမ်းတွေထဲက တစ်ခုသာဖြစ်ပေမဲ့ ကျနော်တို့အားလုံးအတွက် သင်ခန်းစာတစ်ခုပေးခဲ့ပါတယ်။ တရားမျှတမှုဆိုတာ အပြစ်ပေးအရေးယူတဲ့အခါမှာမှ မဟုတ်ဘဲ ပြန်လည် ကုစားပေးနိုင်တဲ့အခါမှာ အစွမ်းထက်ဆုံးဖြစ်တယ်ဆိုတာပါပဲ။ 

လှိုင်သာယာမြို့နယ်ရဲ့ ပြတင်းပေါက်တိုင်းတွေမှာ သီတင်းကျွတ်မီးရောင်တွေ တလက်လက် တောက်ပနေချိန်မှာတော့ မဝင်းတစ်ယောက် သူ့မိသားစုရဲ့ခရီးဟာ မပြီးဆုံးသေးဘူးဆိုတာကို သိနေပါတယ်။ ဒါပေမဲ့ CBDR ကျေးဇူးကြောင့် သူနဲ့သူ့ဖခင်ဟာ တိတ်ဆိတ်ခြင်းနဲ့အတူ သီးခြားလမ်းတွေပေါ်မှာ လျှောက်လှမ်း မနေရတော့ဘူးဆိုတာကိုလည်း သူယုံကြည်နေပါပြီ။ သူမတို့နှစ်ယောက် တစ်ယောက်ဆီကို တစ်ယောက် တစ်လှမ်းချင်း ပြန်လည်လျှောက်လှမ်းနေကြပါပြီ။


Braveheart ဖောင်ဒေးရှင်းအကြောင်း

Braveheart ဖောင်ဒေးရှင်းဟာ မြန်မာနိုင်ငံတွင် တရားမျှတမှုကို လက်လှမ်းမီရရှိရေး၊ တိုင်းရင်းသားအခွင့်အရေးများကို ကာကွယ်ရေးနဲ့ ဥပဒေဆိုင်ရာစွမ်းရည် မြှင့်တင်ရေးလုပ်ငန်းတွေကို အကူညီပေး လုပ်ဆောင်ရန် ရည်ရွယ်ဖွဲ့စည်းထားတဲ့ အမျိုးသားအဆင့် အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ အဖွဲ့အစည်းအနေနဲ့ နိုင်ငံတစ်ဝန်းရှိ မတူကွဲပြားတဲ့ ရပ်ရွာလူထုတွေနဲ့ အတူပူးပေါင်း လက်တွဲလုပ်ဆောင်ပြီး ဥပဒေဆိုင်ရာ အသိပညာကို အားကောင်းလာစေရန်နှင့် အခွင့်အရေးအခြေပြု အကူညီတွေ ပေးနိုင်ဖို့ရန်အတွက် အကူညီပေးလုပ်ဆောင်လျက်ရှိပါတယ်။ Braveheart ဟာ မြန်မာ့ဥပဒေစွမ်းရည်မြှင့်တင်ရေးကွန်ရက် (M-LEN) လိုမျိုး တစ်နိုင်ငံလုံးဆိုင်ရာ ကြိုးပမ်းမှုတွေကနေတစ်ဆင့် နှစ်စဉ် လူထောင်ပေါင်းများစွာထံ ရောက်ရှိပြီး သူတို့ရဲ့ အခွင့်အရေးတွေကို ကာကွယ်စောင့်ရှောက်နိုင်ဖို့နဲ့ တရားမျှတပြီး အားလုံးပါဝင်နိုင်တဲ့ လူ့အဖွဲ့အစည်းတစ်ရပ်ကို ပုံဖော်နိုင်ဖို့ ကူညီပေးနေပါတယ်။

You May Also Like

[BUR] တိတ်ဆိတ်နေသံများကို ချိုးဖျက်ခြင်း – သဘာဝဘေးသင့် လူထုရဲ့ မမြင်နိုင်တဲ့ ဒဏ်ရာတွေကို ကုစားပေးခြင်း

[BUR] တိတ်ဆိတ်နေသံများကို ချိုးဖျက်ခြင်း – သဘာဝဘေးသင့် လူထုရဲ့ မမြင်နိုင်တဲ့ ဒဏ်ရာတွေကို ကုစားပေးခြင်း

အရေးပေါ်  ကယ်ဆယ်ရေးကို ကျော်လွန်၍  ၂၀၂၅ ခုနှစ် အစောပိုင်းကာလများမှာ မြန်မာနိုင်ငံဟာ အခက်အခဲများစွာနဲ့ ရင်ဆိုင်ခဲ့ရကာ...

[TH] จากผู้หนีภัยการสู้รบสู่ผู้พิทักษ์สิทธิ: เมื่ออาสาสมัครกฎหมายชุมชนกลายเป็นกระบอกเสียงแห่งความยุติธรรมในพื้นที่พักพิงชั่วคราว

[TH] จากผู้หนีภัยการสู้รบสู่ผู้พิทักษ์สิทธิ: เมื่ออาสาสมัครกฎหมายชุมชนกลายเป็นกระบอกเสียงแห่งความยุติธรรมในพื้นที่พักพิงชั่วคราว

เป็นเวลาร่วมสี่ทศวรรษแล้วที่ประเทศไทยได้ให้การคุ้มครองแก่ผู้คนที่ต้องหนีภัยการสู้รบและความไม่สงบยืดเยื้อในเมียนมา...